အဖွဲ့အစည်း သဘောတူညီချက်မပါဘဲ စစ်တပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့သော ချင်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌကို တာဝန်မှရပ်စဲလိုက်ကြောင်း ထိုအဖွဲ့က ယနေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNO/ CNDF)နှင့် အပစ်ရပ်ဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောဆိုစဉ်ထည့်သွင်းပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှုထွက်ပေါ်လာခြင်း ဖြစ်သည်။
CNO အဖွဲ့၏ တာဝန်ရှိသူအချို့သည် စစ်တပ်ကဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံမှုမှာ ဗဟိုကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နိုင်ငံရေးဦးဆောင်ကော်မတီ၊ ကာကွယ်ရေးကောင်စီတို့၏ တာဝန်ပေးအပ်ခြင်း၊ သဘောတူညီခြင်းမရှိဘဲ ခေါင်းဆောင်အချို့က ၎င်းတို့ သဘောဆန္ဒအလျှောက် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ဆွေးနွေးခဲ့သည့်အကြောင်းအရာများသည် အဖွဲ့၏ ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒတို့ကို ကိုယ်စားမပြုဟု ချင်းအမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်ချက်က ဆိုသည်။
ထိုတွေ့ဆုံဆွေးနွေးခဲ့မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ ဥက္ကဋ္ဌက “၎င်းတွင် အဓိကတာဝန်ရှိကြောင်း လက်ခံကာ” ရာထူးမှနုတ်ထွက်ရန် တင်ပြသည်၊ ဗဟိုကော်မတီကလည်း သဘောတူခဲ့ပြီး တာဝန်မှရပ်စဲလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CNDF ပြောရေးဆိုခွင့်ရှိသူက စစ်တပ်နှင့်တွေ့ဆုံမှုတွင် မည်သူတို့ ပါဝင်သည်ကို အသေးစိတ် ထုတ်ပြောခြင်းမရှိဘဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် John David တွင် တာဝန်အရှိဆုံးဖြစ်သည်ဟု ပြောသည်။
“အသိအမှတ်ပြုမှု တာဝန်ပေးမှုတွေမရှိဘဲနဲ့ ဒီလိုတွေ့ဆုံမှုတွေ လုပ်လာတဲ့အခါမှာ၊ တိုက်ခိုက်နေတဲ့ ရန်သူနဲ့ တွေ့ဆုံမှုတွေရှိလာတဲ့အခါမှာ သူကိုယ်တိုင်က တာဝန်ခံမှုအပြည့်အဝနဲ့ တာဝန်ကနေ ရပ်နားတဲ့ အတွက်ကြောင့် ဗဟိုကော်မတီကနေ တာဝန်ကနေ ရပ်စဲတာဖြစ်ပါတယ်”ဟု ဆလိုင်းတင်မီထွဋ်က ပြောသည်။
“အဖွဲ့အစည်းတစ်ခုလုံးရဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်က ဥက္ကဋ္ဌဖြစ်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ကော တခြားတခြား ဦးဆောင်မှုနဲ့ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံမှုအရှိဆုံးသူက ဥက္ကဋ္ဌဖြစ်ပါတယ်”
ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် အနေဖြင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ သဘောထားနှင့် စုပေါင်းဆုံးဖြတ်ချက်မပါဝင်ဘဲ စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းတို့ လုပ်ဆောင်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းညီနောင်အဖွဲ့သည် နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် ချင်းတော်လှန်ရေးအင်အားစုများ စုစည်းထားသည့်အဖွဲ့ဖြစ်ပြီး အာရက္ခတပ်တော် (AA) ၏ မဟာမိတ်အဖွဲ့လည်းဖြစ်သည်။
ချင်းအမျိုးသားအဖွဲ့ချုပ်သည် စစ်အာဏာသိမ်းပြီးလပိုင်းအကြာ ဧပြီလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့အတွက် မဟာမိတ် အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ဆိုသည်။
ချင်းအမျိုးသားအဖွဲ့ချုပ် အခြေစိုက်ရာ ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်တွင် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်က မြေပြင်ဝေဟင်အင်အားအလုံးအရင်းသုံး၍ နှစ်ဝက်ကျော်ကြာအောင်ထိုးစစ်ဆင်ရာ ယခုနှစ် ဧပြီလတွင် ပြန်လည်လက်လွှတ်ခဲ့ရသည်။
လက်ရှိတွင်လည်း စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ပြန်လည် ရရှိရေးအတွက် မကွေးတိုင်းမှတဆင့် စစ်ကြောင်းနှစ်ခုဖြင့် မေလလယ်ကစ၍ အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ထိုးစစ်ကို ခုခံရာတွင် AA ကလည်း ချင်းတော်လှန်ရေးအင်အားစုနှင့်အတူ ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။



