မြင်းခြံခရိုင်တွင် NUG တပ်များ စခန်းဝင်စီးသဖြင့် ဆုတ်ခွာပေးခဲ့ရပြီး ရဲဘော်မိသားစုဝင်များ ဖမ်းဆီးခြိမ်းခြောက်ခံနေရဟု PLA ပြော

ဓာတ်ပုံ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ။ မြင်းခြံခရိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များက ၎င်းတို့၏ စခန်းတခုကို ဝင်ရောက်စီးနင်းသဖြင့် တပ်ဆုတ်ခွာပေးထားရပြီး ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအထားကို ရှောင်ရှားနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောခွင့်ရ ကိုဝေယံဖြိုးမိုးက မဇ္ဈိမသို့ ပြောသည်။ (- PLA)

မောင်ခက်နွေ (ဇွန် – ၂၂)

မဇ္ဈိမ။ ။ မြင်းခြံခရိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များက ၎င်းတို့၏ စခန်းတခုကို ဝင်ရောက်စီးနင်းသဖြင့် တပ်ဆုတ်ခွာပေးထားရပြီး ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအထားကို ရှောင်ရှားနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောခွင့်ရ ကိုဝေယံဖြိုးမိုးက မဇ္ဈိမသို့ ပြောသည်။

“လက်ရှိ အခြေအနေကတော့ ကျွန်တော်တို့ စခန်းတခုကို သူတို့ ဝင်စီးတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ကျွန်တော်တို့ကတော့ ခွာပေးထားတာ ပေါ့နော်။ ကျွန်တော်တို့ ဆုတ်ခွာထားတယ်။ ဒါပေမဲ့ ဆုတ်ခွာထားတဲ့ လမ်းကြောင်းတွေကို ဝိုင်းဝန်းပိတ်ဆို့တာတွေ၊ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်လာရင်တော့ ထိပ်တိုက်တွေ့သွားမယ့် အခြေအနေမျိုးတော့ စိုးရိမ်ရတယ်ဗျ။ လောလောဆယ်တော့ ကျွန်တော်တို့က ထိပ်တိုက်မတွေ့အောင် တတ်နိုင်သမျှ ရှောင်နေတယ်” ဟု PLA ပြောခွင့်ရ ကိုဝေယံဖြိုးမိုးက ဆိုသည်။

ထို့ပြင် မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေသည့် PLA ရဲဘော်များ၏ မိသားစုဝင်များနှင့် ထောက်ခံသည့် ပြည်သူများကို နေအိမ်များအထိ ဝင်ရောက်ကာ ခြိမ်းခြောက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“လက်ရှိမှာတော့ မြင်းခြံခရိုင်ထဲမှာ လှုပ်ရှားနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ၊ ကျွန်တော်တို့ အားပေးထောက်ခံနေတဲ့ ပြည်သူများကို အိမ်ထဲတွေဝင်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေ၊ သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်နေတယ်ဗျ။ လောလောဆယ် ပြည်သူ ထိခိုက်မှုတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ဘက်က ဖမ်းဆီးမှုတွေတော့ လုပ်နေပြီ။ ကျွန်တော်တို့ ရဲဘော်တယောက်ရဲ့ အစ်မကို ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ဖမ်းဆီးသွားတာ သတင်းအတိအကျ ရတယ်ပေါ့ဗျ။ အချက်အလက်တွေ အသေးစိတ်ကိုတော့ လှမ်းပြီး စုံစမ်းနေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ယနေ့ (ဇွန်လ ၂၂) တွင် သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားသည်။

ယနေ့ (ဇွန်လ ၂၂) တွင်လည်း အဆိုပါ NUG မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့မှ အင်အား ၈၀ ခန့်သည် ကားများဖြင့် PLA အထိုင်စခန်းများရှိရာ ကျေးရွာ နှစ်ရွာသို့ ဝင်ရောက်လာကြောင်း သိရသည်။ ၎င်းတို့သည် ကျေးရွာအတွင်း နေထိုင်သူ PLA ကူညီနေသူများအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ထို့ပြင် အနီးအနားရှိ ကျေးရွာတခုသို့ ဝင်ရောက်ကာ အရပ်သားများအား ဖမ်းဆီးမေးမြန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့နံနက်ပိုင်းတွင် NUG မြင်းခြံခရိုင် ကွပ်ကဲရေးတာဝန်ခံက PLA တောင်သာ မြို့နယ်တပ်ဖွဲ့ထံသို့ အချက်နှစ်ချက်ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ PLA ဖမ်းဆီးထားသည့် ဒလန်များအားလုံးကို သိမ်းဆည်းထားသည့် ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊ မြင်းခြံခရိုင်တွင်းမှာ PLAတပ်များအားလုံးထွက်ခွာပေးရန်ဆိုသည့်နှစ်ချက်ဖြစ်သည်။

ယမန်နေ့ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် NUG လက်အောက်ခံ မြင်းခြံခရိုင် ကွပ်ကဲရေးအဖွဲ့မှ ဦးဆောင်ကာ အင်အား ၅၀၀ ခန့်ဖြင့် တောင်သာမြို့နယ်ရှိ PLA တပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ကာ PLA ထောက်ပို့နှစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PLA တောင်သာမြို့နယ် တပ်ဖွဲ့အနေဖြင့် ယခင်ကလည်း ဖမ်းဆီးရမိသည့် သတင်းပေးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ နှစ်ကြိမ်တိုင် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ယခု သတင်းပေးများကို လွှဲပြောင်းပေးရန် အချိန်ညှိနှိုင်းနေစဉ် စစ်ရေးအရ ခြိမ်းခြောက်မှုများကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

NUG နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေချိန်တွင် ယခုကဲ့သို့ စခန်းများကို အင်အားသုံး ဝင်ရောက်စီးနင်းခြင်းနှင့် စစ်အာဏာရှင်ကို တိုက်ခိုက်နေသော PLA တပ်များ မြင်းခြံခရိုင်မှ ထွက်ခွာရန် စေခိုင်းခြင်းကို မည်သို့မျှ လက်ခံမည်မဟုတ်ကြောင်းနှင့် မိမိတို့ဘက်မှ စတင်ပစ်ခတ်မည် မဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းလိုကြောင်း PLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် အခြေစိုက်လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှု ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းဖော်ပြချိန်အထိ တစုံတရာ ပြန်လည်တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

စာတည်း။ ။ အောင်ကျော်ဖြိုး

FacebookXEmailShare