မြန်မာနိုင်ငံ၏ မြေရှားသတ္တုများတူးဖော်ရေးနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (IKA) တို့ကြား လျှို့ဝှက်သဘောတူစာချုပ်ချုပ်ဆိုထားကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ လေ့လာတွေ့ရှိခဲ့သည်ဟု Silicon Valley Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စနစ်တကျ လျော့ပါးစေပြီး မြန်မာနိုင်ငံ၏ မြေရှားသတ္တုများကို တူးဖော်မည့် မဟာဗျူဟာမြောက် မဟာမိတ်ပြုခြင်းဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော်ထောက်လှမ်းမှုများအရ အိန္ဒိယနိုင်ငံ အာရွန်နာချယ် ပရာဒေ့ရှ်ပြည်နယ် ဗီဂျေနာဂါမြို့မှ ကချင်ပြည်နယ် ချီဖွေမြို့ရှိ မြေရှားသတ္တုမိုင်းတွင်းများထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာ အရှည်ရှိသည့် လမ်းကွန်ရက်တစ်ခုကို အိန္ဒိယက ဆောက်လုပ်နေမှုကို အတည်ပြုနိုင်ခဲ့သည်။
ထိုလမ်းသည် မြန်မာအစိုးရနှင့် တပ်မတော်၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်နေခြင်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ မြေရှားသတ္တုများကို ရရှိနိုင်မည်ဖြစ်ကာ အပြန်အလှန်အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါးအကူအညီများနှင့် အခြား ထောက်ပံ့ပို့ဆောင်ရေး အကူအညီများ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းသတင်းက ဖော်ပြသည်။
ထိုသဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့အထိ ရောက်ရှိမည့် ဒုတိယမြောက်လမ်းတစ်ခုကို ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်တစ်ခုလည်း ပါဝင်နေသည်ဟု ဆိုသည်။
ထိုလမ်းဖောက်လုပ်ရေးအတွက် အသုံးပြုမည့်ငွေကြေးသည် မြန်မာနိုင်ငံ၏ တရားမဝင် ကျွန်းသစ် မှောင်ခိုကူးသည့် ကွန်ရက်မှ ရရှိသည့် ငွေကြေးများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြေရှားသတ္တုများ၊ ရေနံနှင့် ကျွန်းသစ်များကို အိန္ဒိယသို့ နှစ်ရှည် ပို့ဆောင်ခွင့်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ သယံဇာတ ပေါကြွယ်ဝသည့် နေရာများကို အိန္ဒိယက သွယ်ဝိုက်သည့်နည်းဖြင့် ထိန်းချုပ်ရာတွင် KIA ၏ ပါဝင်ပတ်သက်နေမှုကြောင့် အိန္ဒိယသည် မြန်မာအစိုးရကိုကျော်ပြီး မြန်မာအစိုးရ၏ နယ်နိမိတ်ဆိုင်ရာ အခွင့်အာဏာလုပ်ပိုင်ခွင့်ကို တစ်စထက်တစ်စ လျော့ပါးစေသည်ဟု ကျွမ်းကျင်သူများ မှတ်ချက်ပေးခဲ့သည်ဟု ယင်းသတင်းက ဆိုသည်။
အိန္ဒိယသည် အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်မှတစ်ဆင့် ခေတ်မီလက်နက်များ၊ ဆေးဝါးများအပါအဝင် စစ်ရေးအထောက်အပံ့များကို KIA အား ကူညီပေးနေသဖြင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် KIA ၏ လုပ်နိုင်စွမ်းကို ပိုမိုမြင့်တက်စေခဲ့သည်။
အပြန်အလှန်အားဖြင့် KIA ကလည်း နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည့် (NSCN-K/YA) အပါအဝင် အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသရှိ အိန္ဒိယကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့များကို နှိမ်နင်းပေးမည်ဟု ကတိပြုခဲ့သည်။
ထို့ပြင် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ချင်းပြည်နယ်၊ ကဘော်ချိုင်ဝှမ်းဒေသများနှင့် ပတ်သက်ပြီး အိန္ဒိယ၏ ကြေညာချက်များကိုလည်း KIA က လူသိရှင်ကြားမဟုတ်သော်လည်း နောက်ကွယ်မှ တိတ်တဆိတ် ထောက်ခံပေးနေသည်။
KIA နှင့် အိန္ဒိယ၏ သဘောတူစာချုပ်သည် နိုင်ငံတကာဥပဒေကို အရှက်မရှိ ချိုးဖောက်ခြင်းဖြစ်ကြောင်း မြန်မာအစိုးရ၏ အရာရှိတစ်ဦးက ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း တရားဝင်ခွင့်ပြုချက် ရမထားသည့် လုပ်ဆောင်မှုများသည် တိကျပြတ်သားသည့် စစ်ရေးတုံ့ပြန်မှုများနှင့် ကြုံတွေ့ရမည်ဟု သတိပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ပွင့်လင်းသည့်သဘောဆန္ဒမပါဘဲ အိန္ဒိယ၏ လမ်းဖောက်လုပ်မှုနှင့် သယံဇာတများတူးဖော်မှုတို့သည် ကုလသမဂ္ဂ ပဋိညာဉ်၏ အခြေခံမူများကို ဆန့်ကျင်ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း မြန်မာအရာရှိက ပြောကြားခဲ့သည်။
ထိုလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေရုံမျှမကဘဲ ဒေသတွင်း ကြီးမားကျယ်ပြန့်သည့် ပဋိပက္ခတစ်ခုကို အစပျိုးလာနိုင်သည့် အန္တရာယ်တစ်ခုလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Silicon Valley Times ,Photo - Silicon Valley Times