မြင်းခြံမှာ ကျေးရွာထဲပစ္စည်းဝင်ယူတဲ့ အမျိုးသမီးလေးဦးကို စစ်အုပ်စုက အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊
ရွာသုံးရွာက အလှူပွဲနဲ့ မင်္ဂလာဆောင်တွေကိုပါ စီးနင်းလုယက်မီးရှို့ဖျက်ဆီးသွား၊
MN/MFP ၊ မေ - ၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ အမျိုးသမီး လေးဦးကို ဖမ်းဆီးပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာ သုံးရွာက အလှူပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေကိုပါ စီးနင်းလုယက် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေ ၁ ရက်က စတင်ကာ မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ မရိုးကုန်းကျေးရွာက အမျိုးသမီးလေးဦးကို ဖမ်းဆီးပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။
“ကောင်မလေးတွေက တောထဲမှာ စစ်ရှောင်နေကြရင်းနဲ့ ရွာထဲမှာ ပစ္စည်းကျန်ခဲ့လို့ သွားယူကြတာ။ အဲဒီမှာ (စစ်အုပ်စုက)ဖမ်းမိသွားတာ။ အုပ်စုဖွဲ့ပြီးမှ အဲဒီလို(အဓမ္မပြုကျင့်)လုပ်ပြီး လွှတ်လိုက်တာ။ မိန်းကလေးတွေက အပျိုက နှစ်ယောက်၊အိမ်ထောင်သည်က နှစ်ယောက်” လို့သူကဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ ကြည်ရွာနဲ့ စားကြူးရွာတွေထဲ စီးနင်းလုယက်နေဆဲဖြစ်သလို နောက်ထပ် စစ်ကြောင်းကလည်း မြင်းခြံ-ဆီမီးခုံ ကားလမ်းဘေးက မရိုးကုန်းရွာနဲ့ အနီးဝန်းကျင်က ကျေးရွာတွေထဲမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက မေ ၁ ရက်ကနေ ဒီကနေ့ မေ ၆ ရက်ထိ မြင်းခြံနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း နှစ်ခုခွဲကာ စစ်ကြောင်းထိုးမီးရှို့နေတာပါ။ မေလ ၁ရက်နေ့ စစ်ကြောင်းစထိုးချိန်နဲ့ ကြုံတွေ့ခဲ့တဲ့ ဆင်ချောင်းရွာနဲ့ မရိုးကုန်းရွာတို့က မင်္ဂလာဆောင်တွေလည်း ပျက်သွားခဲ့သလို၊ ဆင်းဂွတ်ရွာက အလှူပွဲလည်း ပျက်သွားခဲ့ရပါတယ်။
စစ်အုပ်စုဟာ အဆိုပါ ကျေးရွာတွေကို စီးနင်းဝင်ရောက်ချိန်မှာ နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကို တနေကုန် စိတ်တိုင်းကျ လုယက်သယ်ဆောင်ပြီးနောက် အလှူပွဲနဲ့ မင်္ဂလာပွဲတွေအတွက် ပြင်ဆင်ထားတဲ့ အခမ်းအနားတွေကို မီးရှို့ဖျက်ဆီးခဲ့သလို အစားအသောက်တွေ၊အသံချဲ့စက်တွေ အပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေ့က မင်္ဂလာဆောင်မှာကျွေးဖို့ ဝက်သားက အချိန် ၂၇၀ လောက်ရှိတယ်။ အဲဒါ မကျွေးခဲ့လိုက်ရဘူး။ ဧည့်သည်တွေ ကျွေးမွေးဖို့ ပြင်ဆင်နေတုန်း စားမယ်အလုပ်မှာ အကုန်လုံး ပြန်ပြေးလာခဲ့ရတာ စစ်ကြောင်းထိုးတယ်ဆိုတော့။ ဘာမှမစားခဲ့ရဘူး။ အဲဒီမှာ ဆောင်းဘောက်(အသံချဲ့စက်)တွေရော အကုန်ထားခဲ့ပြီးတော့ ပြေးခဲ့ရတာ။ ကျွန်မတို့ရွာလိုပဲ ရွာတောင်ဘက် ရွာမှာလည်း အလှူရှိတယ်။ အဲဒီ အလှူကလည်း ဒီလိုပဲပြေးခဲ့ရတာ။ အဲဒီအလှူမှာက ငါးခြောက်ချက်ကျွေးတာ။ ငါးခြောက်ချက်မှ ဒယ်ကြီးတွေနဲ့ ရှစ်ဒယ် ချက်ထားတာ။ ဒီအတိုင်းပဲ အကုန်လုံးပစ်ထားခဲ့ပြီးတော့ ပြေးခဲ့ရတာ”လို့ မရိုးကုန်းရွာက စစ်ရှောင် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အဲဒီကျေးရွာတွေကို နေ့ခင်းပိုင်းမှာ စိတ်တိုင်းကျ လုယက်ဖျက်ဆီးပြီးနောက် ညပိုင်းမှာတော့ မီးရှို့သွားခဲ့တာကြောင့် ရွာသုံးရွာအနက် ဆင်ချောင်းရွာနဲ့ မရိုးကုန်းရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။
လတ်တလော မြင်းခြံနယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး စစ်ကြောင်းသွားရာမှာ ရှေ့ကနေ လမ်းပြခိုင်းကာ လူသားဒိုင်းအဖြစ် လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးနေတာကြောင့် ဆင်ချောင်း၊ ညောင်တို၊ ရန္တပို၊ ကိုင်း၊ ဂင့်ဂဲ၊ ရွာသစ်၊ သိမ်တိုင်၊ တောပု၊ တလုပ်၊ မရိုးကုန်း၊ ကျားတိုင်း၊ သိမ်၊ ဆင်းဂွတ်၊ ဖက်ပင်အိုင် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ သောင်းချီဟာ ဧရာဝတီမြစ်အနောက်ခြမ်း မြောင်နယ်နဲ့ တခြားဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ ကူညီထောက်ပံ့ပေးနေသူတွေက ဆိုထားပါတယ်။
မေလ(၁)ရက်နေ့က မြင်းခြံနယ် မရိုးကုန်းနဲ့ ဆင်းဂွတ်ရွာက အလှူပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေကို စစ်အုပ်စု စီးနင်းလုယက်မီးရှို့ဖျက်ဆီးသွားခဲ့စဉ်/ ဓာတ်ပုံ-ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
All reactions:
4 shares
Like
Comment