မာလာဆိုတဲ့နာမည်က တရုတ်နိုင်ငံရဲ့ အစားအစာတွေထဲမှာတော့ မာလာက စီချွမ်ဒေသထွက် ငရုတ်သီးမျိုး ထည့်ချက်ထားတဲ့ ခပ်စပ်စပ်ဟင်းပွဲတစ်မျိုး ဖြစ်ပါတယ်။
မာလာငါး၊ မာလာဟင်းစတဲ့ တရုတ်ဟင်းလျာတွေ မြန်မာနိုင်ငံမှာ လူကြိုက်များနေခဲ့တာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပြီး ခုနောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဟင်းပွဲအသစ်တစ်ခုက စတင်ရေပန်းစားနေခဲ့ပါတယ်။ အဲဒါကတော့ အသား၊ အသီးအရွက်၊ ခေါက်ဆွဲတို့ကို အထုံ၊ အစပ် အရသာမျှတအောင် ချက်ထားတဲ့ မာလာရှမ်းကော ဟင်းပွဲပါ။ ဒါကြောင့် စာဖတ်ပရိသတ်ကြီးအတွက် ရန်ကုန်မြို့ရဲ့ ဒိတ်ဒိတ်ကြဲ မာလာရှမ်းကောဆိုင် ၁၀ ဆိုင်ကို အညွှန်းစကားပါးလိုက်ရပါတယ်။
၁။ Mala Wok
မာလာရှမ်းကော ချစ်သူတွေရဲ့ လစဉ်တိုင်းအတွက် မဖြစ်မနေစားရမယ့် စာရင်းထဲမှာ ထိပ်ဆုံးက နေရာယူထားတဲ့ မာလာနိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ စပါယ်ရှယ်အသားလုံးတွေထဲကမှ ချိစ်အပြည့်နဲ့ စိမ့်စိမ့်မွှေးမွှေး ချိစ်ကြက်သားလုံး (chicken cheese ball) လေးက ကိုက်လိုက်တိုင်း ချိစ်လေးတွေ ဖောက်ခနဲထွက်ကျ လာတာမို့ ချိစ်မကြိုက်သူတွေကိုတောင် အပီခိုက်သွားစေမယ်ဆိုရင် ယုံလိုက်ပါ။ အစပ်အဆင့်သုံးခုနဲ့ ရွေးချယ်စရာ အသားငါးအသီး အရွက်လည်း လတ်ဆတ်စုံလင်တဲ့အပြင် ဈေးကလည်း အဝစားတာ တောင် တစ်သောင်းမကျော်ဘူးဆိုတော့ အကောင်းဆုံးပါပဲ။ ဒါ့ပြင်ထမင်းတစ်လုံးပါဝင်တဲ့ ၂,၅၀ဝ ကျပ်တန်/၃,၅၀ဝ ကျပ်တန် တစ်ယောက်စာ ပွဲလေးတွေလည်း ရောင်းပေးနေပါတယ်။ နေ့စဉ် မနက် ၁၁ နာရီက ည ၈ နာရီခွဲအထိ ဖွင့်ပါတယ်။ လိပ်စာ-ဆိုင် ၁၊ အမှတ်ဘီ- ၁၀၊ Myanmar Culture Valley ၊ ဦးဝိစာရလမ်း၊ ဒဂုံ။ ဖုန်း ဝ၉၉၆၇၃၃၀၆၉၉
၂။ Organic Spicy
မာလာရှမ်းကောကို ဘယ်လောက်စားစား မဝဘူး ဆိုသူတွေအတွက် ဈေးတန်တန်နဲ့ အမုန်းဆွဲနိုင်မယ့် ထူးရှယ်အခွင့်အရေးကြီး Organic Spicy ဆိုင်ခွဲတိုင်းမှာ ရနိုင်ပြီနော်။ နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၉ ရက်အထိ ၃၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထားတာဆိုတော့ တကယ်အချီကြီးပါလို့။ ငရုတ်သီးငါးမျိုးနဲ့ ထုံမွှန်းထားတဲ့ မီးတောက်ရှမ်းကော မြည်းကြည့်ချင်တယ်ဆိုရင်လည်း ဆိုင်ဖွင့်ချိန်က မနက်၁၁ နာရီက ည ၉ နာရီ ဖြစ်ပါတယ်။ လိပ်စာ-ဆိုင် ၁၊ အမှတ် ၁၄၊ စမ်းချောင်းလမ်း (သပြေညိုလမ်း ထောင့်)၊ မြေနီကုန်း။ ဖုန်း ဝ၉-၇၉၇၂၂၂၁၂၁။
၃။ The Spicy House
ရန်ကုန်မြို့ရဲ့ မာလာရှမ်းကော ဘုရင်တစ်ပါးဖြစ်တဲ့ The Spicy House ကိုတော့ အထူးပြောပြဖို့ လိုမယ်မထင်ပါဘူး။ အသီးအရွက်အသားငါး ပင်လယ်စာအကြိုက်ရွေးပြီး အစပ်အဆင့်လေးဆင့်ထဲ က နှစ်သက်ရာ အဆင့်တစ်ခုရွေးလိုက်ရုံနဲ့ အနံ့အရသာထိထိမိမိ ဆွေမျိုးမေ့ မာလာရှမ်းကောတစ်ပွဲ သင့်ရှေ့အရောက် လွေးနိုင်ပါပြီ။ ပါဝင်ပစ္စည်း အမျိုးပေါင်း ၂၀ ကျော်နဲ့ ချက်ထားတဲ့ မာလာဆော့စ်က နောက်တစ်ခါ မစားရနေနိုင်အောင် ဆွဲဆောင်မှာအမှန်ပါ။ ဆိုင်ဖွင့်ချိန်က မနက် ၁၁ နာရီက ည ၉ နာရီအထိပါ။ လိပ်စာ-မြေညီထပ်၊ အမှတ် ၁-ဝ၄၊ လှည်းတန်းစင်တာ၊ ကမာရွတ်။ ဖုန်း -ဝ၉-၇၇၇၂၄၂၄၂၅
၄။ Chilli Pot
ငရုတ်ဆီတွေ အိုင်မနေဘဲ မာလာအနှစ်လေးနဲ့ အစပ်အဟပ် တည့်တည့် လျှာပေါ်မှာ အရသာစွဲကျန်စေခဲ့တာတော့ Chilli Pot ရဲ့ ထူးခြားချက်ပါ။ အစပ်နဲ့အထုံကိုလည်း စိတ်တိုင်းကျ ချိန်ဆနိုင်သလို သားငါးအသီးအရွက် လတ်ဆတ်ချက်ကလည်း မျှော်လင့်ထား တာထက် တကယ်ကို ပိုသာစေမှာပါ။ ဈေးလည်း သင့်တာကြောင့် စားပျော်တဲ့ဆိုင်လေးပါ။ ဆိုင်ဖွင့်ချိန်- မနက် ၁၁ နာရီကနေ ည ၉ နာရီဖြစ်ပါတယ်။ လိပ်စာ-ဆိုင် ၁၊ အမှတ် ၂၃၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်။ ဖုန်း ဝ၉-၉၆၄၂၂၃၈၇၄
၅။ Precious Sticky Hotpot & Mala Xiang Guo
Halal ဆိုင်လေးဖြစ်တာကြောင့် လူမျိုးမရွေး ဘာသာမရွေး စားနိုင်ပါတယ်။ ဘတ်ဂျက်ဆိုင်လေးဆိုတဲ့အတိုင်း တစ်ပွဲစာ ကျပ် ၈,ဝ၀ဝ၊ ၁၀,ဝ၀ဝ ပေးစားစရာမလိုဘဲ ၁၀ဝ ကျပ်မှစပြီး စိတ်ကြိုက်ရွေးချယ်မှာယူနိုင်တာကြောင့် ကျောင်းသူ ကျောင်းသားများအတွက်လည်း တကယ် အဆင်ပြေစေပါတယ်။ မာလာရှမ်းကောအနှစ်ဖိုးကလည်း တစ်ပွဲမှာ ၁,ဝ၀ဝ ပဲ ကျသင့်မှာဆိုတော့ အသားလုံး၊ အသီးအရွက် အကြိုက်ထည့်စားရင်တောင် တစ်သောင်း လုံးဝမကျော်ဘဲ ဗိုက်ကားသွားစေမှာပါ။ လိပ်စာ-အမှတ် ၃၊လှည်းတန်း ၁ လမ်း၊ ကမာရွတ်မြို့နယ်။ ဖုန်း -ဝ၉-၉၆၅၁၅၁၅၃၁
၆။ Hello Xiang Guo
မာလာရှမ်းကောကို မီးဖိုလေးနဲ့ ပူပူနွေးနွေး စားကြည့်ချင်တယ် ဆိုရင်တော့ Hello Xiang Guo ကို သတိရလိုက်ပါ။ ဒီဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ မာလာရှမ်းကောကို အရည်နဲ့မှာရင် အောက်မှာ မီးဖိုသေးသေးလေးပါ အစစ်ထည့်ပေးထားတာပါ။ မီးဖိုလေး ဆိုပေမဲ့ မီးစာလေးနဲ့ အပူပေးထားတဲ့အတွက် မီးစာလေးက ငါးမိနစ်လောက် ခံပါတယ်။ မာလာရှမ်းကောကို ပူပူနွေးနွေးစားရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး။ ဆိုင်ဖွင့်ချိန်က မနက် ၁၁ နာရီက ည ၉ နာရီပါ။ လိပ်စာ-အမှတ် ၃၃၊ လမ်းသစ်လမ်း၊ (မော်တင်လမ်း အောက်ဘလောက်အနီး)၊ လမ်းမတော်။ ဖုန်း -ဝ၉-၉၆၅၀၇၇၁၁၅
၇။ Number One Spicy
မာလာအနှစ်ဖိုး သက်သက်မပေးရသလို ရွေးချယ်စရာတွေက လည်း အလျှံအပယ်။ ခေါက်ဆွဲမှာတောင် အဝါရောင်လေးကတော့ ရိုးရိုးခေါက်ဆွဲဖြစ်ပြီး အစိမ်းနဲ့ ခရမ်းက ထူးခြားဆန်းပြား အသီးအရွက်ခေါက်ဆွဲနဲ့ ကန်စွန်းဥခေါက်ဆွဲတို့ပါ။ ထိမိလှတဲ့ အနှစ်အရသာနဲ့ မာလာရှမ်းကောကို အရည်အများကြီးလည်း မစားချင်သလို အခြောက်ပုံစံလည်း မစားချင်သူတွေအတွက် အရည်မနည်းမများလေး မှာစားလို့ရတာ ဒီဆိုင်ရဲ့သူမတူတဲ့ ထူးခြားချက်ပါ။ ဆိုင်ဖွင့်ချိန် မနက် ၁၁ နာရီက ည ၁၀ နာရီ။ လိပ်စာ-အမှတ် ၅၂၊ စမ်းချောင်းလမ်း (ဆရာထွန်းလမ်နှင့် ပန်းခြံလမ်းထောင့်အနီး၊ စမ်းချောင်း မြို့နယ်။ ဖုန်း -ဝ၉-၇၇၅၅၅၁၆၈၈
၈။ Spicy Pot
ဟိုတစ်လောက ခပ်သွယ်သွယ် ဘေဘီလေးတို့အတွက် Slim Body Challenge နဲ့ လူသိများခဲ့တဲ့ ဆိုင်လေးပါ။ ကျပ်တစ်သောင်းခွဲ၊ နှစ်သောင်းနဲ့ စိတ်ကြိုက် အဝစားနိုင်သလို အထုံအစပ်အရသာကလည်း အပိုအလိုမရှိ ကွက်တိပါပဲ။ ကြက်ဥရေညှိဟင်းရည်လေးကလည်း ပေးထားပြီး အထုံအစပ်အဆင့် အစုံနဲ့ အဆာပလာတွေ များချက်ကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ ဂရမ်နဲ့ အာလာကတ်သဘောမျိုး ချိန်မစားချင်ရင် လည်း ၆,၈၀ဝ ကျပ်တန် ကြက်၊ဝက်၊ဆိတ် ဟင်းပွဲတွေက သင့်ကို စောင့်ကြိုနေပါတယ်။ လိပ်စာ-၃လွှာ၊ အိုးရှင်းစူပါမားကတ်(Ocean supermarket-Pazundaung branch)၊ ပုဇွန်တောင်မြို့နယ်။ ဖုန်း ဝ၉-၈၉၉၉၀၂၆၅၈
၉။ Jo Jo Hotpot
သူရဲ့နာမည်ကြီး ဟော့ပေါ့အပြင် မီနူးသစ်ဖြစ်တဲ့ မာလာရှမ်းကောလေးကလည်း အရသာစပ်စပ်ပြင်းပြင်း ထုံထုံမွှေးမွှေး မာလာရနံ့သင်းသင်း ကြိုက်ကြတဲ့သူတွေရဲ့ အသည်းစွဲဆိုတာ စားဖူးသူတိုင်း သိပြီးသားပါ။ လတ်လတ်ဆတ်ဆတ်အသားနဲ့ အသီးအရွက်တွေ၊ ထူးရှယ်လက်လုပ်အသားလုံးတွေ၊ လီမွန်တီးလည်း ကြိုက် သလောက် သောက်နိုင်တာ Jo Jo ရဲ့ အားသာချက်တွေပါ။ စားသလောက်ရှင်းလို့ရတဲ့ ဘူဖေးပုံစံနဲ့ မစားချင်ရင်လည်း သုံးယောက်လောက် အဝစားလို့ရတဲ့ ၇,၉၀ဝ ကျပ်တန် set မီနူး ရှိပါတယ်လို့။ ဆိုင်ဖွင့်ချိန်-မနက် ၁၀ နာရီက ည ၉ နာရီ။ လိပ်စာ-၄ လွှာ၊ ဂျန်းရှင်းစီးတီး(Junction City)။ ဖုန်း ဝ၉-၈၉၄၇၇၈၅၈၈
၁၀။ Malar City
မာလာရှမ်းကောကိုမှ ဆီနည်းနည်း မပေါ့မငန် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံလေးစားချင်တယ်ဆိုရင်တော့ Malar City ကိုသာ ညွှန်းချင်ပါတယ်။ ဂရမ်ပုံစံနဲ့ မှာပြီး စားလို့ရသလို တစ်ယောက်စာ၊ နှစ်ယောက်စာ ဟင်းပွဲတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ဝန်ဆောင်မှုက အရမ်းကောင်းတာမို့ အရောက်သွားသင့်တဲ့ ဆိုင်လေးပါလို့ အကြံပြုပါရစေ။ ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီခွဲကနေ ည ၉ နာရီအထိပါ။ လိပ်စာ-ကေ ၁-၁၀၊ ပထမထပ်၊ ကန်သာယာဈေးဝယ်စင်တာ၊ ကန်သာယာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။ ဖုန်း -ဝ၉-၇၆၈၂၀၁၈၀၈